Friday, July 10, 2009
ဒီကဗျာ ဒီမှာဆုံးပါတယ်
0 ဦးမှတ်ချက်ပြုသည် ပြန်လည်တင်ပြသူ >> က ဗျာ ပြ ခန်း အချိန် Friday, July 10, 2009ဒီကဗျာ ဒီမှာဆုံးပါတယ်
အမှတ်မထင်ဝင်တိုက်မိတဲ့မထင်မှတ်မှုကနေ
နာမည်တစ်လုံးရလာတယ်။
ဘ၀တစ်လျှောက်လုံး
ခင်ဗျားတို့ချည်းပဲ
မီးနဲ့အဆေးခံနေရတယ်လို့ မထင်နဲ့။
ကျွန်တော့်မှာ အကြံပေးစရာမရှိဘူး။
လမ်းလယ်ကောင်မှာ ရပ်ရင်း
လမ်းခွဲခံရတဲ့စိတ်နဲ့ ၀ါယာတွေရှော့ခ်ဖြစ်လို့
ခင်ဗျားမလိုတာတွေ အကုန်လုံး
ကျွန်တော်ကိုယ်မှာ ပျားစွဲလို့
မတော်တဆမှုနဲ့ တရားဘယ်နှကြိမ်
နေ့ပေါင်း၊ ညပေါင်း၊ လူငယ်ဘ၀အပေါင်း (+) (-)
ခွေးများ၊ သွားများ၊ စိပ်များ
မနက်ဖြန်မှာ ကျွန်တော်လာလို့မရဘူး။
မေ့ဆေးနဲ့အပက်ခံရတယ်
အထူးသဖြင့် အခုလို ၂၁ ရာစု
အသက်ရှုဖို့မေ့နေတဲ့ ဒီကဗျာ။
ဒီမှာဆုံးရမယ်လို့
လျှောကျသွားတဲ့ နေလုံးကြီးကိုကြည့်ပြီး
ဒီကဗျာ ဒီမှာဆုံးလိုက်တယ်။ ။
၂၀၀၇-မတ်လ-ရုပ်ရှင်တေးကဗျာ
ရေးသားသူ >> ဟိန်းမြတ်ဇော်
တောခွေးအူသံလို ထစ်ချုန်းဖွင့်လိုက်တယ်။
လွင်တီးခေါင်ထဲ
ကြားနေကျမုန်တိုင်းကို ပွတ်သပ်၊
ဆူးချုံတွေနဲ့ ဆာလောင်မှုက
နယူးယောက်မြို့ကြီးအကြောင်း နားထောင်ဖို့
ငြင်းဆန်ကြတယ်။
ငါမုန်းတာက
ငါသိပ်နားမလည်တဲ့ Happy Birthday ဆိုတဲ့အသံ၊
ငါ ချစ်တာက
ကောင်မလေးတစ်ယောက်ရဲ့ မပီမသ စကားသံ၊
အိပ်မက်ကို ကြယ်တွေစုံစေဖို့
သိစိတ်က မသိစိတ်ကို အနိုင်ရဖို့
ခြောက်ကပ်ကပ်ကွင်းပြင်တွေ လန်းဆန်းဖို့
ထားခဲ့ပါ။
အဓမ္မမှု ဆယ်သုံးအောင်စနဲ့ ခန္ဓာကိုယ်မှာ
ကိုယ့်ကိုယ်ကို အချိုးဖျက်ခြင်းများ၊
တစ်ချိန်လုံးလည်း
ငါ ငှဲ့သောက်လိုက်တဲ့အဆိပ်တွေသာ
အာဟာရ ရှိခဲ့ပြီ။
လူသံတွေ ခံ့ညားရုန်းကြွလာခဲ့၊
အေးစက်နေတဲ့ကမ္ဘာမြေကြီးအတွက်
အပျင်းပြေရုံ ငါ ဆူလောင်ခဲ့ပေါ့။
ကောင်းပြီလေ. . .
ဘာပဲဖြစ်ဖြစ် ဟော့ဒီနေ့ကို
ပုစ္ဆာမဖြစ်သေးတဲ့ ပုစ္ဆာတွေနဲ့
စိတ်ရောကိုယ်ပါ သင်္ကြန်ကျလိုက်တော့မယ်။ ။
ဝေမှူးသွင်
(လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)
ရေးသားသူ >> ဝေမှူးသွင်
Monday, June 8, 2009
ကိုကိုက ကြယ်သီးတစ်လုံး မဟုတ်တဲ့အခါ
1 ဦးမှတ်ချက်ပြုသည် ပြန်လည်တင်ပြသူ >> က ဗျာ ပြ ခန်း အချိန် Monday, June 08, 2009" ဘယ်ရာသီမှာ မိုးတွေရွာမှာလဲဆိုတာ
ကြိုသိနှင့်ပြီးသားပဲ ကိုကိုရ... "
ဟင့်အင်း...
ဘယ်အချိန်မှာ မိုးတွေသည်းလာမှာလဲပဲ သိထားသင့်တာ...။
" ကိုကို့အကြောင်း စဉ်းစားနေတဲ့ အချိန်ဆို
အသက်တောင် ပြင်းပြင်းရှူမထုတ်ရဲဘူး...
တော်ကြာ ရှူထုတ်လိုက်တဲ့လေထဲ
ကိုကိုပါသွားမှာ စိုးလို့... "
ဟင့်အင်း...
ကိုကိုက မြူမှုန်ကလေးမှ မဟုတ်ပဲ ငယ်...။
" နီးစပ်အောင် ကြိုးစားပေါ့ဗျ
ကိုကိုက ယောက်ျားပဲ... "
ဟင့်အင်း...
ကိုကိုတို့ နှစ်ယောက်တွေးတဲ့ နီးစပ်မှုခြင်း
ဝေးကွာသွားကြပြီထင်တယ်...။
(ဆုံမှတ်တစ်ခုတည်းပေါ်က အစက်နှစ်ခုအတွက်
ထပ်ပြီး နီးစပ်ဖို့ဆိုတာ မလိုတော့ဘူးလို့
ကိုကိုတော့ ယူဆတာပဲ...
ဒီနေရာမှာ ညီမလေး သဘောထားကွဲလွဲခွင့် အပြည့်အ၀ရှိပါတယ်...။ )
" ကိုကိုရာ ခင်ဗျားကျွန်တော့်ကို တကယ်မချစ်ပါဘူး...
ဟုတ်တယ် မဟုတ်လား..."
ဟင့်အင်း...
ကိုကို့မှာ မှောက်ထားတဲ့ ဖဲတစ်ချပ်ရှိတာ မမေ့နဲ့ ငယ်...။
(မချစ်ဘူး ထင်တယ်ဆို ရှိုးကြည့်လိုက်ပေါ့...။)
" လေပါတယ်ဗျာ...
ပြီးရင်လည်း ခင်ဗျားကျွန်တော့်ကို ထားခဲ့မယ်မဟုတ်လား... "
ဟင့်အင်း...
ချစ်တယ်ဆိုတာ
တစ်ယောက်ဆံပင်နဲ့ တစ်ယောက်ဆံပင်ကိုပူးချည်ထားရသလိုပဲ...။
ထားပါတော့...
ကော်ဖီတစ်ခွက်မှာ ရေနွေးက အဓိက မကျပါဘူး...
ကိုကိုက ကြယ်သီးတစ်လုံးမဟုတ်တဲ့အခါ
ဘာလို့ ငယ်က နှုတ်ခမ်းဆိုးဆေးတစ်တောင့် ဖြစ်နေရတာလဲ...။ ။
ရေးသားသူ >> ရွှေယုန်
စိုမှာစိုးလို့ မိုးမိတယ်
2 ဦးမှတ်ချက်ပြုသည် ပြန်လည်တင်ပြသူ >> က ဗျာ ပြ ခန်း အချိန် Monday, June 08, 2009တိမ်ကလေးက ရုပ်ရှင်ရိုက်စဉ်
ကိုယ်တိုင်ဝတ္ထုထဲက ခုန်ထွက်ပြေးဖို့
ရေဒီယိုလေးနဲ့မောင်းတဲ့ ဘ၀ယာဉ်လေး
သံလမ်းမဲ့ ဘူတာ 40 မှာ
လက်ပြသူမရှိ ဖြတ်သန်းခဲ့
မင်း မျက်ဝန်းကမ်းပါးက
ကိုယ့်သင်္ဘောကို ကပ်ဖို့ငင် ။
ကလေးရေ ...
ရှုံးမယ်မှန်း သိရက်နဲ့
ခွင်းနေခဲ့ ကိုယ့်မြားတွေ
ကိုယ့်ရင်ကိုသာ ထုတ်ချင်းခတ်ထိ ။
လောက က ဖန်ဆင်းတော်မူခဲ့သော
ညီလေး ...
ကိုယ်နဲ့လောကကို စွန့်ခွာပြီး
ရေဝေးမှာ အေးစက်စက်ကြီး ပြုံးနေတာ
ကိုယ် မြင်လိုက်ရတော့
ကိုယ့်ရင်အေးခဲသွားရမှာ
ဆန့်ကျင်စွာ အရည်တွေပျော်ပြီး
ဇာတ်သိမ်း မဟုတ်သေးဘဲ
ထပ်မံရှုံးနိမ့်ခြင်း သက်သေ
အကြည့်တွေဆီက တဝေါဝေါ စီးဆင်းခဲ့ ။
တစ်ဘ၀စာ စိုက်ပျိုးခဲ့ မျက်ရည်သစ်ပင်
အစမ်းလေ့ကျင့်နေရ။
မီးပေးလိုက် ဆိုတာနဲ့
ကိုယ့်ကိုငင်တဲ့ မင်း မျက်ဝန်းဟာ
ဇာတ်တိုက်ထားတဲ့ မြစ် ဖြစ်သွား
ကိုယ် မခံစားနိုင်ခဲ့ ။
ဝတ္ထုတွေ ထပ်နေကျ မင်း ဆီမှာ
နှလုံးသားနဲ့ ရင်းတဲ့ဝတ္ထု
ကိုယ် ဆက်တင်တွေ ကြောက်တယ်
မီးတွေ ကြောက်တယ်၊ မိတ်ကပ်တွေ ကြောက်တယ်
ပြီးတော့ ...
မြမြလေးပြုံးတဲ့
မင်း မျက်ဝန်းကို ကြောက်တယ်
ကိုယ့်ကောင်းကင်မှာ သာနေတဲ့လလေး
ကဒ် ဆို မိုက်သွားမှာ ... ။
ကလေး
တစ်ဘ၀စာ ပေးလို့မှ တစ်ဘ၀စာ မရတဲ့ မေတ္တာ
ပေးလို့ကုန်သွားတာလား မရှိဘဲ မရှိတာလား
စုပြီးဥထားတာလား
ဟော့ ဒီမှာ လက်ကိုင်မှန်လေး ဖြစ်ချင်တယ်
ဟော့ ဒီမှာ ဘီးလေးတစ်ချောင်း ဖြစ်ချင်တယ်
ဟော့ ဒီမှာ ဖန်စီကြိုးလေး ဖြစ်ချင်တယ်
ဟော့ ဒီမှာ လက်ကိုင်အိတ်လေး ဖြစ်ချင်တယ်
ဟော့ ဒီမှာ နှုတ်ခမ်းနီတောင့်လေး ဖြစ်ချင်တယ်
ဟော့ ဒီမှာ လက်သည်းဆိုးဆေး ဖြစ်ချင်တယ်
ဟော့ ဒီမှာ ချွေးတို့ဖတ်လေး ဖြစ်ချင်တယ်
ဟော့ ဒီမှာ အသားရောင်ဝမ်းဆက် ဖြစ်ချင်တယ်
ဟော့ ဒီမှာ လက်ကိုင်ဖုန်းလေး ဖြစ်ချင်တယ်
ဟော့ ဒီမှာ စလစ်ပါ ဖိနပ်လေး ဖြစ်ချင်တယ်
တယ်လီဖုန်း ဆိုတာ
ဆက်ရမှာလား လွှင့်ပစ်ရမှာလား
`လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ
သတ်မှတ်ချိန်အတွင်း
ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့် ... ´
သေလိုက်ပါလား
ဖုန်းစောင့် နတ်သမီးစုတ်မ ။
ကလေးရေ ...
ကိုယ်က မြစ်ဆိုပြီး ကူးတဲ့အခါ
တံလျပ်တွေ
ကိုယ်က မြေဆိုပြီး ပြေးတဲ့အခါ
တိမ်တိုက်တွေ
ပန်းတိုင်မဲ့ လိုက်နေရပြီး
အရှုံးသရဖူပဲ ထပ်ထပ်ရ ။
အရှုံးပါပဲ
သဘာဝကျတဲ့ အခါ
သိမ်းထားချင်လောက်အောင် လှပတယ် ။
ကိုယ့်စိတ်ကမ်းမှာ
ရှိုက်သံစွက်တဲ့ အလွမ်းတွေပဲ
တင်ကျန်နေတော့
မုန်တိုင်းရေ ထန်လိုက်ပါတော့ ။
ပရီအက်ဒင်း တဲ့
မင်း ဟက်ဟက်ပက်ပက်ရယ်ဖို့ ငိုတော့မယ်
အရယ် နဲ့ အငို ကြားထဲ
ညပ်နေမိတာက ကိုယ်
မင်း ကနောက်တစ်ယောက် နောက်တစ်ဇာတ်
ရယ်ငို ငိုရယ်နဲ့ သံပတ်ပေး စက်ရုပို
ကိုယ်သာအရယ်ခလုတ် မရှိတဲ့လူ ။
မနက်ဖြန်ဆို
မနက်ဖြန်ဆို ....
ပင်လယ်ရေ နေလုံးရွဲရွဲကြီးကို ရပ်ပစ်လိုက်စမ်း
ဝေးရမယ့် မနက်ဖြန်ဆိုတာ မလာစေနဲ့ ။
ဒီနေ့ ဖိုင်နယ်အက်ဒင်း
တစ်သက်စာ ရှင်သန်ဖို့
မင်း အညှို့တွေကို လုံလုံခြုံခြုံသိမ်းမယ် ။
ကဒ်ဝမ်း ကိုယ့်ကိုကြည့်
ကဒ်တူး ကိုယ့်ကိုပဲကြည့်
ကဒ်သရီး ကိုယ် မှလွဲပြီး မကြည့်နဲ့
ကဒ်အင်ဖနတီ အကြည့်တွေအားလုံး ကိုယ့်မှာဆုံး ။
ဒါ နောက်ဆုံးရိုက်ချက်
ကလေး ...
ဟန်ဆောင်တာ မပါဘဲ
ကိုယ့်ကိုမုန်းတယ် ဆိုတဲ့ အက်တင်လုပ်ပါ
ဒါမှ ကိုယ် ခွဲလို့ရမှာ
ခွဲနိုင်မှာ ။
မင်း နှုတ်ဆက်တဲ့ နေရာမှာ
ကိုယ် မရှိချင်ဘူး
ဝုန်းခနဲ ပြုတ်ကျသွားတဲ့ အက်တင်
ကိုယ် မလုပ်တတ်ဘူး
တကယ်က ၀ုန်းဆိုပြုတ်ကျမှာ ။
ဟိုးမှာ ပင်လယ်
ဒီမှာ မြေပြင်
အထက်မှာ ကောင်းကင်
ညှို့ညှို့ဆိုင်းလို့ ရွာတော့မယ်
မင်း စိုတော့မှာလား
ကိုယ့်ရင်ခွင်က တက်သွားတဲ့ အခိုးအငွေ့တွေနဲ့
ရွာတော့မယ့် မိုး
မင်း စိမ်းမြစိုပြေဖွှို
မင်း မိုးမိလိုက်ပါ ။
`ကိုယ့်အတွက် အချစ်ဆိုတာ
တစ်သံသရာလုံး လုံခြုံချမ်းမြေ့ဖို့
အကြည့်တွေပဲ လိုအပ်ပါတယ်´
မင်း မျက်ဝန်းက ရွှန်းရွှန်းမြမြလေးပြုံးပါ
ကိုယ့်မျက်ဝန်းက စိုစွတ်နေမှာ
ကိုယ့် မျက် ၀န်း က စို စွတ် နေ မှာ
ကိုယ့် မျက် ၀န်း က စို စွတ် နေ မှာ ။ ။
Idea Magazine မှာပါတဲ့လ က သိမ်းမိထားတာပါ .. တော်တော်လဲကြာပါပြီ ၊၊ မမှတ်မိတော့တာကို ခွင့်လွှတ်ပေးစေချင်ပါတယ်...၊၊
ရေးသားသူ >> စောဝေ
Sunday, May 31, 2009
အိပ်မက်တွေက လှည့်ထွက်လို့ပြန်ခဲ့ရ..
အဖြူရောင်ဝတ်ရုံနဲ့ နတ်သမီးတစ်ပါးကိုထားရစ်ခဲ့ရပြီ.
အလယ်ပိုင်းမှာလည်းစစ်ပွဲတွေဖြစ်
နပိုလီယံလို မျက်လွှာချလို့ရစ်မူးချင်မိတယ်..
ငါက မျက်ရည်မခိုင်တဲ့ စစ်ဘုရင်ပေါ့..၊
ဒါပေမယ့် နောက်ပြန်မဆွဲချင်တဲ့ ခေတ်ပန်းချီဆရာပေါ့..၊
လက်စွပ်လေးကိုတောင်ဆွဲမခေါ်နိုင်
ကျောက်ဖြစ်ရုပ်ကကြွင်းနှုတ်ခမ်းေ
တကယ်ကို သတို့သမီးပါ..၊
သူ(မ) ကသတို့သမီးတစ်ပါးပါ..၊
ငါ့အာရုံတွေက ပုဝါပါးပါးကိုတောင်ဖြတ်အားမဲ့လိ
ခြေလှမ်းတွေ..သူ(မ)ရဲ့ခြေလှမ်းေ
ငါက အစာမချက်နိုင်တဲ့ သစ်တစ်ပင်ပေါ့..၊
“ လူသားအဖြစ်ဖန်ဆင်းပေးပါ ”
မျောက်တစ်ကောင်က ထပ်ကာ..ထပ်၍ အော်ဟစ်မိတယ်..
စိတ်တွေကတော့ တံခါးတွေကိုလုံအောင်ပိတ်ထားပေး
စိတ်ကူး မယဉ်ချင်စမ်းနဲ့.. ဒါကနိုင်ငံခြားဇာတ်လမ်းတွဲမဟုတ်
ပြေးတက်ဖို့အမြင့်တစ်နေရာဆိုတာ.
“ လွမ်းလိုက်တာ မန္တလေးရယ်..”
မန္တလေးနေ့တွေက ထစ်..ထစ်..ထစ်နေတယ်..၊
မန္တလေးညတွေက ကြိုးပြတ်လို့..ရစ်မူးလို့..၊
တကယ်ဆို ငါလည်းတီးမကြည့်တတ်ခဲ့ဘူး..၊
ဖီးနစ်ငှက်လို ပြာတွေကြွေလို့.. ဒါပေမယ့်..
ဖီးနစ်ငှက်လို မရှင်သန်/ မထမြောက် နိုင်တော့ဘူး..၊
အနက်ရောင်ဝတ်ရုံခြုံပြီး ဟယ်ရီပေါ်တာလို ကိုယ်ဖျောက်ပစ်ချင်တယ်..၊
အနက်ရောင်ဝတ်ရုံက ပူလောင်လွန်းစေပြီ..၊
ဒီဝတ်ရုံနဲ့ဘဲ ငါ့ဈာပနကို ပို့ပေးခဲ့တယ်..၊
တိတ်တဆိတ်သေဆုံးခြင်းမှာ..
တိတ်တဆိတ်မွေးဖွားခြင်းနဲ့ အစပြုခဲ့တယ်..၊
ခိုးဝှက်လို့မက်ခဲ့တဲ့ အိပ်မက်လေးကြောင့်..
အပါယ်ဘုံတွေဆီ ရောက်ခဲ့ရပြီ..၊
ငါက ကံငါးပါးတောင် မလုံခြုံနိုင်ခဲ့တဲ့သူပါ..။ ။
လင်းရမ္မာ
http://lynnrammar.blogspot.com မှ ကူးယူဖော်ပြပါသည်
ရေးသားသူ >> လင်းရမ္မာ
သူမ၏အစွန့်ပစ်ခံမနက်ဖြန်တို့၏အလွန်
3 ဦးမှတ်ချက်ပြုသည် ပြန်လည်တင်ပြသူ >> က ဗျာ ပြ ခန်း အချိန် Sunday, May 31, 2009ညည ကျွန်တော်မအိပ်ဘူး
ညတွေကိုပဲ သိပ်လိုက်တယ်။
မမီနိုင်သူအဝေး
ကြယ်ကလေးတွေ ရယ်သွမ်းသွေးတယ်
စကြ၀ဠာအစ ဘဒ္ဒကမ္ဘာအဆုံး
ချစ်မိသူအားလုံးရှုံးခဲ့တယ်တဲ့။…
အချစ်နဲ့ဘ၀ တစ်သားတည်းကျပြီးနောက်
အိပ်မက်ကြောင့်နာကျင်
အိပ်မက်ကြောင့်ကြေမွ
အိပ်မက်ကြောင့် မျက်ရည်ကျတယ်။
တွဲရေး ခွဲရေး ငွေနဲ့တွေးရအောင်
အချစ်ဆိုတာ စစ်အေးတိုက်ပွဲလား။
သံသရာမှာ ဒဏ်ရာမပါအောင်
ဘယ်ဘက်ရင်ဘတ်ကလွမ်းရင်
ဘယ်ဘက်ရင်ဘတ်ကို သတ်ဖို့
ညာဘက်ရင်ဘတ်ကလွမ်းရင်
ညာဘက်ရင်ဘတ်ကို သတ်ဖို့
အနမ်းမဲ့ တခြမ်းပဲ့ ညလယ်ခေါင်မှာ
သစ္စာတရားတွေ အမှောင်လွန်ပြီ
ချစ်နယ်ကျွံတဲ့ နှလုံးသားလည်း နေ၀င်ပြီ။
အဲဒီနောက် ……
ည ည ကျွန်တော်မအိပ်ဘူး
ဘ၀ကိုတော့ မီးမှိတ်လိုက်ပြီ။ ။
ဥတ္တရာ(ရေဆုံး)
၂၀၀၈ ခုနှစ် ဒီဇင်ဘာလထုတ် ချယ်ရီမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်
ရေးသားသူ >> ဥတ္တရာ(ရေဆုံး)
Saturday, May 30, 2009
ခေါင်းလောင်းသံစာတမ်း
1 ဦးမှတ်ချက်ပြုသည် ပြန်လည်တင်ပြသူ >> က ဗျာ ပြ ခန်း အချိန် Saturday, May 30, 2009
(၁)
ကြယ်တာရာတွေစူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ကဝေည
မေမေ့ … ကိုကျွန်တော်သတိရလိုက်တာ …
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာလူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့တဖျန်းဖျန်းရိုက်ကြတယ် … ။
လောကအတုမှာ … လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ …
ကျွန်တော့်အတွက်တော့မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု … ဘယ်မှာလဲ
ဘယ်မှာလဲ … .. ။
မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကိုစောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ … ။
(၂)
ကျွန်တော်မှတ်မိသမျှ …
မေမေ့မျက်လုံးဟာဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊ နှင်းစက်တွေဖုံး
နေရောင်တွေလည်းခါးကုန်းအောင်ရုန်းခဲ့ရပေါ့
သစ်ကိုင်းခြောက်ကြီးကမီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင်ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ …
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ် … ။
မုသားတစ်လွှာမာယာတစ်ထပ်၊ ဝတ်ရည်တစ်စက်နဲ့
အို … ခတ္တာရေ …
ပုခက်လွှဲသောလက်တွေနဲ့ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင်ပုခက်ဖြစ်ပြခဲ့တယ် … ။
“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။
(၃)
ခြေထောက်တွေကလှေကားထစ်အတိုင်းတက်သွားပြီး..
လူက … လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာကိုယ်ပြန်ခိုချင်လို့မရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။
ပြက္ခဒိန်ထဲမှာကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရမွန်းလွဲအိုတစ်ခုက
“မေမေ့”ကိုလုသွားတယ် … ။
နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊ လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ် … .။
လက်ဖမိုးနဲ့ဖျက်ဖျက် လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ် … ။
(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တဝင်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ် …. ။
ငယ်ငယ်တည်းက
“ဝ”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး … ။
မေမေ့မှာ
ဘာသာဗေဒမတူ၊ ဖတ်တဲ့စာချင်းမတူ၊ ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ် … ။
မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ် … ။
ကျွန်တော့်မေမေဟာ
သူများမေမေတွေထက် … နို့ရည်ပိုမထွက်ပါဘူး … … .
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ် … .
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ …။
(၅)
ဖုန်မှုန့်ပျံ့စင် …
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု … လင်းနို့တွေအောင်းနေပြီမေမေ …။
လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊ သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့ … ။
စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ် …။
မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ် … ။
“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ် …
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ် … ။
ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့ … ။
(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အင်္ကျီမှာကြယ်သီးတစ်လုံးလိုနေပြီ …. မေမေ … ။
ငယ်ငယ်ကတည်းက ….
မေမေကခံတပ်လုပ်၊ ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေဝေဆာဆာဓါးချင်းခုတ်ဖူးတယ် …. ။
ကျွန်တော့်ဘဝတောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ …
ကျွန်တော့်ဘက်မှာရပ်တည်၊ ကာကွယ်၊ တိုက်ခိုက်
သူမကိုတော့ … မြားအစင်းစင်းစိုက်ခဲ့တယ် … ။
ကျွန်တော့်ကိုအလိုလိုက် … ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို … မေမေပဲငို … ။
မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့် … တဲ့။
(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ် …
ကျွန်တော့်ကိုမေမေက …
ပညာလှလှတတ်စေချင်တာ … အသေအချာပေါ့ …။
ကောင်းကင်ပေါ်က“လ” နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ …
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ …။
ကျွန်တော်ကလူပျင်း …
သစ်ပင်ခြေရင်းမှာရပ်လိုက်၊ သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ …
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ … ။
တစ်စတစ်စ …
လူငယ်သီချင်း၊ နှင်းဆီဓားသွား၊ ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ် … ။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ …
အိပ်မက်တွေအမြှောင်းမြှောင်းထ …
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ် … ။
(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊ အိပ်မက်ကိုစောင်လိုခြုံဆဲ …
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ် … ။
ကျွန်တော် …
မပျော်လေလွင့်၊ ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ … ။
မေမေဟာ …
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကို ခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို … မီးအိမ်ကိုင်ပြီးစောင့်နေတယ် … ။
နာကြည်းပင့်သက်၊ အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား … သားကိုယ်စား မျက်ရည်မဲ့စွာငို … ။
သား …
ဘဝဆိုတာရေစီးထဲကဗေဒါ … မရေရာဘူးကွဲ့
ဒါပေမယ့် …
မျှော်လင့်ချက်ရဲ့ အရုပ်များ၊ အရောင်များ၊ အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား …
ဝိညာဉ်ရုန်းကန် တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ် … ။
မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း … တစ်စက်ချင်း … တစ်စက်ချင်း … ချိုစေခဲ့ … ။
(၉)
ဝါဆိုပန်းခူး၊ စံပယ်ဦးတို့မွှေးသက်ဝေဝေ
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့ … ရေကိုလည်းကျွန်တော်နမ်းခဲ့ …။
မေမေဟာ …
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ် …။
မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော် … .လမ်းမှာဝတ်ရန် … ။
နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ …
မုဆိုးခြေထောက်များနဲ့ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်းဗောင်းလန်အောင်ခါရမ်းပွင့်ဝေ … ။
(၁၀)
သား …
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့
မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ် … (ဖိနပ်လည်းအခါခါပေါက်ခဲ့)
ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ … ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား၊ အမှားများလည်းချင်းချင်းနီ … ။
ဧရာဝတီမေမေ၊ ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊ နံနက်ခင်းကြေးရုပ်ဟာမေမေ … ။
ခု … မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ … နီလဲ့..
လူတဆုံး … ဝိညာဉ်တဆုံး၊ အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ ..”
(၁၁)
မေမေဟာ … နာရီသံနဲ့အိပ်၊ နာရီသံနဲ့နိုး …
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ် …။
မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ ပွင့်အိုလေးပမာ၊ ဝါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ် …။
သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ် … ။
လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ် … ။
(အလင်းပြာမှတ်ကျောက်အတွက် မင်တစ်ပေါက်ဖြစ်တယ် …)
(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ … ။
မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ … အဝေးမှာ …
ကျွန်တော်က … ဟိုး … အဝေးကြီးမှာ … ။
ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ … ။
အမေ့ရဲ့ခြေလို၊ လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့ … ။
အမှားလက္ခဏာ၊ အမှန်လက္ခဏာ၊ ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ … ကောင်းရာဘုံသို့ရောက်ပါစေ … ။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း …)
(၁၃)
နောင် … နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊ ဝတ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊ လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ …
အဲဒီလူဟာ … သားပဲပေါ့မေမေ …
ဘယ်သံသရာမှာပြန်ရှာရင် မေမေ့ကိုတွေ့နိုင်မလဲ …
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့် … ။
အမေ့ကိုယ်စား …
အမေ့ကိုယ်ပွား …
ကြယ်စင်များကိုလက်ဖဝါးနဲ့ပန်၊ မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ် … ။
ကျွန်တော် …
မေမေ … .
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊ မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ … တစ်ပုဒ်ပြီးဆုံးသွားပါပြီ … ။
မေမေ …
ကောင်းရာသုဂတိလားပါစေ …
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ … … ..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ … … ..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ … … ..
… … … … … … … … … … … …
… … … … … … … … … … … …
… … … … … … … … … … … …
တာရာမင်းဝေ
ရေးသားသူ >> တာရာမင်းဝေ
Thursday, May 28, 2009
ခုံတန်းပြာတွေ မပြာတဲ့အထိ
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။
မာနနဲ့ချိတ်တွယ်နေတဲ့ မိုးတွေ
ရည်ရွယ်ချက်မဲ့လေတွေဆီ
ရောက်လာပေမယ့် ရောက်မလာဘူး။
ကြည့်ရင်မြင်နိုင်ပေမယ့်
ကြည့်လို့မှမမြင်နိုင်အောင်
နှင်းတွေကျနေတာပါနှင်း
ခံစားချက်ပြင်းထန်တဲ့ ရင်ခွင်တစ်လုံးဟာ
လွမ်းလို့သေတောင် မလွမ်းတော့ဘူး။
ဝိုင်ချို
ရုပ်ရှင်တေးကဗျာ ၊ သြဂုတ် ၂၀၀၀
http://myanmarmodernpoems.blogspot.com/ မှသိမ်းဆည်းထားခဲ့ဘူးသည့်ကဗျာလေးဖြစ်ပါသည်၊၊
ရေးသားသူ >> ဝိုင်ချို
မြောက်ပြန်လေရူးရဲ့မျဉ်းပြိုင်ခွာရာ
1 ဦးမှတ်ချက်ပြုသည် ပြန်လည်တင်ပြသူ >> က ဗျာ ပြ ခန်း အချိန် Thursday, May 28, 2009ကန္တာရထဲက အထီးကျန်ခြင်းတွေ
ရဲတိုက်ထဲ မှောင်ရီစွာ ပိတ်သိုခံထားရပေါ့ ...
ကံတရားကို အမှန်လို့သာမြင်ပါတယ် လေပြေနုရေ ....
နင့်မျက်ဝန်းတွေ အသာအယာကြွေကျဖို့
ငါ့တေလေမှတ်တိုင်မှာ မသိခြင်းနဲ့ထိန်းချုပ်ထားတယ်
ကြွေချင်တိုင်းသာကြွေပါတော့ ...
ဒါပေမယ့် နင်နှုတ်လုံဖို့တော့ လိုမယ်နော် ....
တော်ကြာ အညတရ ကောင်းကင်က ရွှေမှုန်ပျိုးကြဲလာရင်
အလွမ်းတချို့...
ငါ့ကို သူ့ရာဇ၀င်နဲ့ယီးလေးခိုမှာ စိုးတယ် .. ။
ဒီည ....
ငါ့ကိုဖျောက်ထားတဲ့ နှင်း ...
မိုင်တိုင်တွေ လဲကျတုန်း ငါ့ကိုကယ်ပါ ...
ညတွေပျင်းရိတုန်း ငါ့ကိုကယ်ပါ ...
အလွမ်းတစ်ဆူလင်းသစ်ဖို့ နင်ရဲရဲသာ ဖြန့်ကျက်ထားစမ်းပါ.. ။
ပြီးရင်... ငါ့ကို ကယ်ပါ .... ။ပြီးရင် .... ။
ခွာရာတစ်မှုန်စာမျှ ငါမိုးပေးခဲ့တာပါ
နင်နောက်ပြန်လှည့်ကြည့်
ငါ့မှာ ...မြောက်ပြန်လေရူးနဲ့တိုက်ခိုက်ဖို့
မျက်ရည်တစ်သိန်းလဲငါ့မှာမရှိဘူး
တကယ်တော့ ...
ရာစုသစ်ရဲ့စောင့်မျှော်သော နံနက်ခင်းသည် ငါသာဖြစ်ပြန်၏ ..... ။
http://yotethay.blogspot.com နှင့် http://www.mysuboo.com တို့တွင် ရေးထားသော ရုပ်သေး ၏ ကဗျာအား ဖော်ပြခြင်းဖြစ်ပါသည် ၊၊
ရေးသားသူ >> ရုပ်သေး
Tuesday, May 26, 2009
ကျွန်မတို့ တစ်နေရာစီမှာနေထိုင်ကြတယ်
4 ဦးမှတ်ချက်ပြုသည် ပြန်လည်တင်ပြသူ >> က ဗျာ ပြ ခန်း အချိန် Tuesday, May 26, 2009တစ်ယောက်က မိုးလင်းလာတဲ့အချိန်မှာ
တစ်ယောက်က အိပ်ရာဝင်တော့မယ်
တစ်ယောက်ကိုသူတို့ခေါ်သွားကြတဲ့ချိန်မှာ
တစ်ယောက်ကကျန်ခဲ့တယ်
တစ်ယောက်က အဝေးမှာနီးနီးနားနားနေထိုင်ပြီး
တစ်ယောက်က အနီးမှာဝေးဝေးနေတယ်
တစ်ယောက်က သာမန်သင်ခန်းစာတစ်ခုကိုရွတ်ဆိုနေချိန်မှာ
တစ်ယောက်က ဟားဗတ်တက္ကသိုလ်ထဲမှာ
တစ်ယောက်က လောကီပညာကိုလေ့လာနေတယ်
တစ်ယောက်က အဌာရသ ၁၉ ရပ်ကိုသင်ပေးလို့
တစ်ယောက်က ရိုးအ မှုကိုနာကျင်ခံစားလို့
တစ်ယောက်က ရွေးချယ်မှုလမ်းအတွက် အသက်ရှုခက်လို့
သူက နေရောင်ခြည်အသစ်ကိုလက်နဲ့ဆေးခြယ်ယူပြီး
သူမက မိုးစက်နှင်းငွေ့ကိုလွှမ်းခြုံဆင်ခြင်တယ်
ကောင်းကင်က တိမ်တွေကိုနေရာရွှေ့ပြီး
ပြာစင်စေခဲ့ချင်သူတွေကတော့ဟိုးအဝေးမှာ
သူတို့က တစ်ယောက်တစ်နေရာစီ
ကျွန်မတို့က တစ်ယောက်တစ်ကွဲစီ
ကျွန်မပို့လိုက်တဲ့ စာအုပ်တွေရောက်လား
သူတို့ဆီက အီးမေလ်းတွေလည်းရောက်မလာခဲ့ဘူး။
သင်တို့ဆီက အငေးများနှင့်
ကျွန်ပ်တို့ဆီက အတွေးများ
သတင်းပြန်မလာကြတော့…
……………………………
ငါ..ဘာတွေတွေးနေမိတာလဲ
သူ..ဘာတွေတွေးနေမိမှာလဲ
ကျွန်မက အတိတ်ကိုမေ့နေခဲ့ပြီ
သူမ..သတိရနေလိမ့်မယ်ထင်တယ်
ကျွန်တော်ကတော့ အနာဂါတ်ကိုမယုံကြည်တော့ဘူး။
ပန်းချီဆရာက တောင်တန်းတွေကိုအစိမ်းရောင်မချယ်ချင်ဘူးတဲ့
(သူက ပန်းတွေကိုပွင့်စေချင်လှပြီ။။)
ပန်းပုဆရာကတော့ စိတ္တဇနာမ်တစ်ခုရဲ့ပုံတူပန်းပုတစ်ခုကိုထုလို့
(သူကတော့ ချစ်ခြင်းမေတ္တာကို ဖမ်းယူဆုပ်ကိုင်ချင်သူ..)
ကဗျာဆရာဆွဲတဲ့ပေါ့ထရိတ်က အမှောင်နည်းနည်းများနေတယ်
ဒီမှာ ဒီဇိုင်းဆရာ ငါ ဒီအရောင်တွေကိုမကြိုက်ဘူး
ပြီးတော့ ရူးသွပ်နေတဲ့စိတ်တွေ…
ငါတို့ဟာ တစ်နေရာစီမှာနေထိုင်နေကြတယ်
သူတို့ဟာ အိပ်မက်တွေကိုအထားအသိုမှားစွာစစ်စီတယ်
ကျွန်တော်တို့ သူများအနာဂါတ်ကို ချောင်းကြည့်ပြင်ဆင်ခွင့်မှမရှိတာ
သူမရဲ့အိတ်ကပ်ထဲက ပေါ့ပေါ့ပါးပါးချစ်ခြင်းများ
သူတို့ ယူဆောင်သွားခဲ့ကြပေါ့။
သူမက နာမကျန်းဖြစ်နေချိန်မှာ
ကျွန်မက ကျန်းမာကြံခိုင်ခြင်းတရားတွေရှာဖွေလို့
ကျွန်တော့်လက်တွေကိုတွဲထားပေးပါ
သူ..ငါ့ဆီ..ဘယ်တော့.ပြန်လာမှာတဲ့လဲ
ပို့သလိုက်သော ချစ်ခြင်း
လမ်းခုလပ်မှာ အန္တရာယ်ကင်းပါစေ…
စကားလုံးတွေခပ်နည်းနည်းနဲ့ စကားတွေကိုနှလုံးသားနဲ့ပြောကြမယ်
မမြင်နိုင်သောအကြည့် မကြားနိုင်သောချစ်ခြင်းတွေနဲ့
ကျွန်မတို့ နေသာထိုင်သာရှိခဲ့ကြဖူးပါသလား
ဟို..အနားမှာတော့..အားလုံးရဲ့သစ္စာတရားများ
အနားသပ်ဖွာလန်ကြံ့ခိုင်လို့….။
ကျွန်ုပ်တို့၏သစ္စာသည်ကား
သူတို့၏ အိပ်မက်များဆီ
တစ်ကမ္ဘာစီ
တစ်နေရာစီ။ ။
မနော်ဟရီ
၁၄။၅။၀၉
http://manorhary.blogspot.com/ မှကူးယူဖော်ပြခြင်းဖြစ်ပါသည်
ရေးသားသူ >> မနော်ဟရီ

